ဘူးသီးတောင် မေ ၂၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးအနေဖြင့် ဘူးသီးတောင်မြို့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်သားဖွားဆရာမများ ပူးပေါင်း၍ ယမန်နေ့နံနက် ၈ နာရီအချိန်က ဘူးသီးတောင်မြို့ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်သို့ သွားရောက်ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အရန်သားဖွားဆရာ/မများကအမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင်ထားရှိသည့် ရေစည်ပိုင်း၊ ရေတိုင်ကီ၊ စဉ့်အိုးများနှင့် ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များထဲသို့ ပိုးလောက်လန်းသေသည့် အဘိတ်ဆေးများခတ်ပေးခြင်း၊ နေအိမ်များရှိ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်များပြုလုပ်ပေးပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းတို့က သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
လှကျော်( ပြန်/ဆက်)