ကျောက်တံတား မေ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် အထကကျောင်း၊ စကားဝါခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်က “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသားမိဘ၊ ဆရာ/ဆရာမနှင့် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ပြီး ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နိုင်ရေးအတွက် နှိုးဆော်သင့်ကြောင်းစသဖြင့် အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်လှလှဝင်းက “၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သက်ဆိုင်ရာအတန်းများအလိုက် အတန်းကူးပြောင်းနိုင်ရေးရှင်းလင်းတင်ပြပြီး ယနေ့အထိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူ(၃၇၇)ဦး လာရောက်အပ်နှံခဲ့ပါကြောင်း၊ ဆရာ/ဆရာမများကိုလည်း သင်တန်းများပို့ချထားပြီးသည့်အတွက် ကျောင်းအုပ် ဆရာ/ဆရာမကြီးတွေဦးဆောင်မှု၊ ဆရာ/ဆရာမတွေရဲ့ ကြိုးစားမှုနဲ့ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် အခြေခံကျောင်းများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့်ဘောပင်များ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
ရွှေဇင်ခိုင် (ပြန်/ဆက်)