ကျောက်ဖြူမြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း နှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျောက်ဖြူ မေ ၂၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုတ် ကွေးရောဂါမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်၍  အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားဌာနမှ ငှက်ဖျားအင်စပက်တာ ဦးထွန်းရင် ဦးဆောင်သည့် ကျန်းမာရေးဌာနမှဝန်ထမ်းများက စေတီယျရပ်ကွက်နှင့် မင်းပြင်အုပ်စုရှိ ကွင်းချောင်းကျေးရွာသို့သွားရောက်ကာ ၎င်းရပ်ကွက်အတွင်းရှိ နေအိမ်များနှင့် ဆိုင်ခန်းများတွင်ထားရှိသည့် ရေစည်ပိုင်း၊ ရေတိုင်ကီ၊ စဉ့်အိုးများနှင့် ခြင်ခိုအောင်ပေါက် ပွားနိုင်ခြေရှိသည့် ရေတွင်း၊ရေကန်များအား ပိုးလောက်လန်းသေ အဘိတ်ဆေးများခတ်ပေးခဲ့သည်။

ယင်းနောက် ဘုရားညောင်ရေ ပန်းအိုးများကို ဖုန်း၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးပြီး သွေးသွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ကြသည်။ ကျောက်ဖြူမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း သွေးလွန်တုတ်ကွေးဖြစ်ပွားသူ (၆၀)ဦး ရှိပြီး၊ သေဆုံးသူမရှိကြောင်း ကျောက်ဖြူခရိုင်ပြည်သူ့ကျန်းမာရေ းဦးစီးဌာန၊ ငှက်ဖျားဌာနမှ သိရှိရ သည်။

တင်ထွန်းဦး