ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်

ကျောက်ဖြူ  မေ ၂၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ်ဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ မြို့မိမြို့ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ကျောက်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ခေတ်သည် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးကို အဓိကဦးစားပေး ဆောင်ရွက်နေသည့် ခေတ်ဖြစ်သည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး ကျောင်းထွက်သူပပျောက်ရေးတို့အတွက် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနေပြီး ကျောင်းသား၊ ကျောင်းသူများကို ဗလာစာအုပ်နှင့် ကျောင်းသုံးပြဌာန်းစာအုပ် ခဲတံ၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍လည်း ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တိုင်းပြည်တည်ဆောက်ရာတွင် ဆရာ၊ ဆရာများသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်သူများဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အရည်အသွေးပြည့်ဝသော နိုင်ငံ့သားကောင်းရတနာလေးများဖြစ်အောင် ပညာကိုကြိုးစား သင်ယူစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ကျောက်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ အခမဲ့စနစ်ဖြင့် ကျောင်းအပ်လက်ခံဆောင်ရွက်နေမှု ကိစ္စရပ်များနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားပြီးနောက် အငြိမ်းစားဆရာကြီးတစ်ဦးမှ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ပေးအပ်သည့် ငွေကျပ်(၅)သိန်းအား ထောက်ပံ့ပေးအပ်ရာ မြို့နယ်ပညာရေးမှူးမှ လက်ခံရယူခဲ့သည်။ ဆက်လက်ပြီး နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများမှ လက်ခံရယူခဲ့ကြသည်။ ယင်းနောက် မြို့နယ်ပညာရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)