မွန်ပြည်နယ်၀န်ကြီးချုပ်ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား တက်ရောက်

မော်လမြိုင်   မေ   ၂၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မွန်ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်း က မော်လမြိုင်မြို့ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့၀င်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကကျောင်းဖွင့်ပြီးသီချင်းဖြင့် သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ကျောင်းအပ်နှံရေး အခမ်းအနားတွင် မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်း က အမှာစကားပြောကြားရာတွင် ယခုနှစ်ကျောင်းအပ်နှံရေးလှုပ်ရှားမှု ဆောင်ပုဒ်မှာကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဖြစ်ပါကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ လူငယ်တိုင်း အခြေခံပညာ သင်ယူခွင့်ရရှိစေရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများရရှိပြီး ကျောင်းတက်၊ ကျောင်းနေနှုန်းမြင့်မားလာစေရန်နှင့် အခမဲ့ ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရေးတို့ ဖြစ်ပါကြောင်း၊ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက် ဒေသဆိုင်ရာ လူမှုရေး အသင်းအဖွဲ့များ၊ မိဘပြည်သူများ၊ ဆရာ၊ ဆရာမများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်မှာကြားလိုကြောင်း၊ ယနေ့ကာလသည် ပညာခေတ်ဖြစ်၍ အတတ်ပညာ နည်းပညာတို့ကို ပိုင်စိုးသော နိုင်ငံများသည် ကမ္ဘာ့စာမျက်နှာတွင် ရှေ့တန်းသို့ ရောက်ရှိနေကြပြီး ကြွယ်ဝချမ်းသာနေသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်လည်း အနာဂတ် နိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် ပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အမျိုးသားပညာရည်မြင့်မားရေး လုပ်ငန်းများသည် အဓိကကျသည့် အခန်းကဏ္ဍကပါဝင်လျက်ရှိသောကြောင့် ကြုံတွေ့ရမည့် စိန်ခေါ်မှု အမျိုးမျိုးကို အမျိုးသားရေး အသိအမြင် ရှင်သန်နိုးကြားစွာဖြင့် ရင်ဆိုင်ဖြေရှင်းပြီး ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းလုပ်ဆောင်၍ အနာဂတ်ကိုပါ ဆက်လက်လွှမ်းခြုံနိုင်အောင် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနကလည်း မိဘပြည်သူများ ဝန်ထုတ်ဝန်ပိုး မဖြစ်စေရေးအတွက်  ကျောင်းထောက်ပံ့ကြေးများ နှစ်စဉ်တိုးမြှင့်ပေးလျက်ရှိပြီး ပညာရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသည့် အသုံးစရိတ်များအား ပိုမိုသုံးစွဲလာသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ် ရောက်သူတိုင်း ကျောင်းနေနိုင်အောင် ဒေသဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မိဘပြည်သူများ၊ ဆရာ၊ ဆရာမများက အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ခံယူပြီးအလေးအနက် ဆောင်ရွက်ပေးကြပါ၊ ဆရာ၊ ဆရာမများကလည်း မိမိတို့ကျောင်းကို ရောက်ရှိလာသည့် ကလေးငယ်များကို မေတ္တာ အကြင်နာပေးပြီး ပြုစုပျိုးထောင်ပေးကြပါ၊ ပြည်သူတစ်ရပ်လုံးကလည်း တက်ညီလက်ညီ ပူးပေါင်း လုပ်ဆောင်ပေးကြပါဟု အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ၀င်းထွန်း က ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၏ ကျောင်းအပ်နှံရေး အခမ်းအနား လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းတင်ပြပြီး ပြည်နယ်ပညာရေးမှူး  ဒေါက်တာ ဒေါ်ချိုချိုမြတ်အောင် က ကျောင်းအပ်နှံမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့၀င်၀န်ကြီးများနှင့် တာဝန်ရှိသူများက အအဆင့်မြင့်ပညာဦးစီးဌာနက အခမဲ့ဖြန့်ဝေသော  ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်း၀တ်စုံတို့ကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ပညာရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကာ ရွှေနတ်တောင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကမြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ပြည်နယ်၀န်ကြီးချုပ်၊ အစိုးရအဖွဲ့၀င်၀န်ကြီးများနှင့် တာ၀န်ရှိသူများက အမှတ်() အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်()အခြေခံပညာအထက်တန်းများတွင် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)