ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု

စစ်တွေ  မေ ၂၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိအခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး စစ်တွေတပ်နယ်မှ နယ်မြေခံတပ် မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်းပြီး စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ စစ်တွေမြို့၊ ပြည်တော်သာရပ်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်ပြီး ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်တော်သာရပ်ကွက်ရှိ အမှတ်(၁၅) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ(ရေတပ်) ကျောင်းများသို့သွားရောက်ပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှုအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

လှည့်လည်ကြည့်ရှုကြစဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အခြေခံပညာကျောင်းများ၌ လိုအပ်ချက်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသော စစ်တွေတပ်နယ်မှနယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်နေပြည်သူများသည် အခြေခံပညာကျောင်းများတွင်ကျောင်းတွင်း၊ ကျောင်းပြင်သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်းအမှိုက်များဝိုင်းဝန်းရှင်းလင်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများအန္တရာယ်ရှိနိုင်သော သစ်ပင်များအား ခုတ်ဖြတ်ရှင်း လင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ယနေ့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း ၁၅၀၀ ကျော်တို့သည် စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် စစ်တွေမြို့နယ်ရှိ အခြေခံပညာကျောင်းများ စုစုပေါင်း ၁၅ကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)