ပျဉ်းမနားမြို့နယ်တွင် တောင်သူများလက်ဝယ်အရောက် အရံမျိုးစပါးများထောက်ပံ့ပေးအပ်

ပျဉ်းမနား မေ  ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင် နေကြသည့်တောင်သူများထံ အရံမျိုးစပါးများထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ပျဉ်းမနားမြို့နယ်၊ သနပ်ပင်ဆိပ်ကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးမင်းနောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်အတွင်း စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ဘက်ပေါင်းစုံမှ  ဖွံဖြိုးတိုးတက်လာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေလျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင် နေကြတဲ့တောင်သူတွေအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ စိုက်ပျိုးရေရရှိစေရေးကို အလေ းထားဆောင်ရွက်ပေးလျက်ရှိသလို မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေးအတွက်ကိုလည်း စီမံဆောင်ရွက်ပေး နေလျက်ရှိပါကြောင်း၊ တောင်သူတွေအနေနဲ့လည်း မိမိတို့ရဲ့ လယ်ယာမြေများကို အထွက်နှုန်းပိုမိုကောင်းမွန်ပြီး လူမှုစီးပွားဘဝများတိုးတက်လာ စေရေး အတွက် ကြိုးစားလုပ်ကိုင်ကြဖို့လိုကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့လည်း မျိုးကောင်းမျိုးသန့်များ တောင်သူတွေလက်ဝယ် ရောက်ရှိစေရေး၊ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ သွင်းအားစုများထည့်သွင်းအသုံးပြုရာတွင် နည်းစနစ်မှန်ကန်စေရေးအတွက် ကွင်းဆင်း ပညာပေးခြင်းတွေကို ဆောင်ရွက်ပေးဖို့အရေးကြီးပါကြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြတဲ့ တောင်သူများရဲ့ လိုအပ်ချက်များကို ဌာနဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပျဉ်းမနားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းကအရံမျိုး စပါးများထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၁)အုပ်စုမှ တောင်သူ(၆၈)ဦးတို့အတွက် မနောသုခနှင့် ဆင်းသုခ အရံမျိုးစပါး(၂၈၃)တင်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဝင်းထိန်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာ အုပ်စုများအလိုက် တောင်သူများထံ ထောက်ပံ့ပေးအပ်ကြသည်။

၎င်းနောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်က ပြည်ထောင်စုနယ် မြေ၊ နေပြည်တော်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက စိုက်ပျိုးရေး ကဏ္ဍနှင့်သက်ဆိုင်သည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)