ကချင်ပြည်နယ်အစိုးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ မြစ်ကြီးနားမြို့ မြို့မစျေး၌ Mask Campaign အစီအစဉ်ဖြင့် အသိပညာပေးခြင်းနှင့် အခြေခံပညာကျောင်းများတွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

မြစ်ကြီးနား မေ ၂၈

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ၊ မြစ်ကြီးနားမြို့ မြို့မစျေး၌ Mask Campaign အစီအစဉ်ဖြင့် အသိပညာပေးခြင်းနှင့် အခြေခံပညာကျောင်းများ သန့်ရှင်းသာယာရေးတို့အတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက်၇နာရီမှ စတင်၍ သတ်မှတ်နေရာများအလိုက် ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မြို့မဈေး၌ ဈေးရောင်း၊ ဈေးဝယ်များ၊ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး၊ ကိုဗစ်-၁၉ ကာကွယ်ရေး ပေါ့ဆမှုမရှိကြရန်၊ ကူးစက်ရောဂါအမျိုးမျိုးမှ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ကြရေး အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များဖြင့် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းကို တစ်ပျော်တစ်ပါး စုပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဇွန်(၁)ရက်နေ့၌ ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ရာ ဧရာရပ်ကွက်၊ လေ့ကျင့်ရေး အလယ်တန်းကျောင်း၊ သီတာရပ်ကွက်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး ၊ ရေစီးရေလာကောင်းမွန်ရေး၊ ကျောင်းသား/သူများ ခြင်၊ ယင်၊ ပိုးမွှားများကြောင့် ဖြစ်ပွားသည့်ရောဂါများ ဖြစ်ပွားမှုမရှိစေရေးအတွက် သစ်ပင်ခြုံနွယ်များ ရှင်းလင်းပေးခြင်း၊ အမှိုက်များ ကောက်ယူစွန့်ပစ်ခြင်း၊ရေကန်များ ဆေးကြောသန့်စင်ခြင်း၊ သောက်ရေ၊သုံးရေများ သန့်ရှင်းစေရေး နှင့် ပိုးလောက်လန်းများ ‌ပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးခပ်ခြင်း အစရှိသည်တို့ကို ဌာနဆိုင်ရာ အဖွဲ့အစည်းများ စုစုပေါင်း အင်အား(၄ဝဝ)ဦးခန့်တို့နှင့်အတူ ဆောင်ရွက်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မေလ ၂၇ရက် ညနေပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းကျင်းပသည့် ကချင်ပြည်နယ် ဘောလုံးအားကစားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကလပ်ပေါင်းစုံ အမှတ်ပေး လိဂ်ဖလား မနောလိဂ်အမျိုးသားဘောလုံးပြိုင်ပွဲ၏  စတုတ္ထအပတ် ပွဲစဉ်(၅)အဖြစ် နောင်ရာFC နှင့် Kachin Youth FC အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုအား ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးက ပွဲစဉ်အတွင်း‌ အကောင်းဆုံး ကစားသမားဆုကို ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့သည်။ 

အဆိုပါ မနောလိဂ်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီ အဖွဲ့ဝင်များ၊ ဘောလုံးအားကစား ဝါသနာရှင်များနှင့် ဒေသခံစီးပွားရေး လုပ်ငန်းရှင်များက ပူးပေါင်း၍ လူငယ်လူငယ်များ၏ အားကစားကဏ္ဍ တိုးတက်လာစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး လိဂ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၂သင်းဖြင့် ဖွဲ့စည်းကျင်းပခဲ့ကာ ပထမဆုငွေကျပ်သိန်း (၅၀) အပါအဝင် ပြိုင်ပွဲတိုင်းအား အဆင့်လိုက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)