ရခိုင်ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

စစ်တွေ   မေ   ၂၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရခိုင်ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းကစစ်တွေမြို့ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း၊ ဓမ္မဇေယျခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ကျောင်းအပ်နှံရေးအခမ်းအနားမုခ်ဦးအား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းသန်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအား ဓမ္မဇေယျခန်းမ၌ကျင်းပရာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုကာအခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက  ယခုနှစ်ကျောင်း အပ်နှံရေးလှုပ်ရှားမှု ဆောင်ပုဒ်မှာ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဖြစ်ပါကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်ရသည့်ရည်ရွယ်ချက်မှာ လူငယ် တိုင်း အခြေခံပညာသင်ယူခွင့်ရရှိစေရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများရရှိပြီး ကျောင်းတက်၊ ကျောင်းနေ နှုန်းမြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရေးတို့ ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက် ဒေသဆိုင်ရာလူမှုရေးအသင်းအဖွဲ့များ၊ မိဘပြည်သူများ၊ ဆရာ၊ ဆရာမများတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်မှာကြား လိုကြောင်း၊ ပညာရေးဝန်ကြီးဌာနကလည်း မိဘပြည်သူများ ဝန်ထုတ်ဝန်ပိုးမဖြစ်စေရေးအတွက်  ကျောင်းထောက်ပံ့ကြေးများ နှစ်စဉ်တိုးမြှင့်ပေးလျက်ရှိပြီး ပညာရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသည့် အသုံးစရိတ်များအား ပိုမိုသုံးစွဲလာသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ် ရောက်သူတိုင်း ကျောင်းနေနိုင်အောင် ဒေသဆိုင်ရာတာဝန်ရှိပုဂ္ဂလိုလ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မိဘပြည်သူများ၊ ဆရာ၊ ဆရာမများက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူပြီးအလေးအနက် ဆောင်ရွက်ပေးကြပါ၊ ဆရာ၊ ဆရာမများကလည်း မိမိတို့ကျောင်းကိုရောက်ရှိလာသည့် ကလေးငယ်များကို မေတ္တာအကြင်နာပေးပြီး ပြုစုပျိုးထောင်ပေးကြပါ၊ ပြည်သူတစ်ရပ်လုံးကလည်း တက်ညီလက်ညီ ပူးပေါင်းလုပ်ဆောင်ပေးကြပါဟု အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းသန်းမြင့်က ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၏ ကျောင်းအပ်နှံရေး အခမ်းအနား လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းတင်ပြပြီး ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကကျောင်းအပ်နှံမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက KG  ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ကျောပိုးအိတ်နှင့် ထီးတို့ကို ထောက်ပံ့ပေးအပ်ကြသည်။ ယင်းနောက်  ကျောင်းနေရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် လှူဒါန်းထားသော ကျောပိုးအိတ်များအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးတို့ကပေးအပ်ကြရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြကာ စစ်တွေမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)