မိုးကောင်း မေ ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်မိုးကြိုကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက်အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးခြင်းကို ယနေ့နံနက်(၈)နာရီမှစတင်ကာ မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်းဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အဖွဲ့(၅)ဖွဲ့ခွဲကာ ဈေးကုန်း၊ ရွာသစ်၊ မြို့ဦး၊ နတ်ကြီးကုန်းနှင့် နောင်ကိုင်တော်ရပ်ကွက်တို့တွင် ရေတွင်း၊ ရေကန်၊ ဘုရားပန်းအိုး၊ ရေအိုးများနှင့် ရေလောင်းအိမ်သာများတွင် ပိုးလောက်လန်း ပေါက်ဖွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း လုပ်ငန်းနှင့်ပညာ ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျန်ရှိသည့်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)