လားရှိုး မေ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံကွန်ပျူတာသင်တန်းနှင့် 4 skills အင်္ဂလိပ်စာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
သင်တန်းဆင်းပွဲအခမ်းအနား၌ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(တွဲဖက်ပြည်နယ်ရုံး) ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦး ကသင်တန်းဆင်းအမှာစကားပြောကြားရာ လားရှိုးမြို့လူထုအခြေပြု ဗဟိုဌာနအနေဖြင့် အများပြည်သူအတွက် ဆောင် ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများအကြောင်းကို ပြောကြားခဲ့သည်။
ထို့နောက် လူထုအခြေပြုဗဟိုဌာန၌နွေရာသီအခြေခံကွန်ပျူတာသင်တန်းနှင့် 4 skills အင်္ဂလိပ်စာသင်တန်းဆင်း လက်မှတ်များကို လားရှိုးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စားသင်တန်းသူတစ်ဦးကလက်ခံရယူခဲ့သည်။ ဆက်လက်၍သင်တန်းများတွင် အခမဲ့ကူညီသင်ကြားပြသပေးသော သင်တန်းဆရာများအား ဂါရဝပြုလက်ဆောင်များကို ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ယနေ့သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့သော နွေရာသီအခြေခံကွန်ပျူတာသင်တန်းနှင့် 4 skills အင်္ဂလိပ်စာသင်တန်းအား လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးမြို့နယ် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဟန်ဌေး(လားရှိုး)