ကော့မှူး မေ ၂၈
ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းနေသည့် ကာလအတွင်းလည်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံစားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏ စီစဉ်မှုဖြင့် ယနေ့ နံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ ဆီ နှင့် အမဲသား၊ဆိတ်သားများအား ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးနေကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချရာတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထ တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဆန်ငါးပြည် တစ်အိတ်ကို ငွေကျပ် ၅၀၀၀ ဖြင့် ဆန်အိတ် (၇၅) အိတ်အားလည်းကောင်း၊ ပေါ်ဆန်း တစ်ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၈၅၀၀ ဖြင့် ဆန်အိတ် (၇၅) အိတ်အားလည်းကောင်း ဆီငါးဆယ်သားတစ်ဘူးကို ငွေကျပ် ၂၇၀၀ ကျပ်နှုန်းဖြင့် ဆီ (၂၀၀) ဘူးအားလည်းကောင်း၊ အမဲသား တစ်ဆယ်သားကို ငွေကျပ် (၁၂၀၀) နှုန်းဖြင့် (၆) ပိသာ ၅၀ အားလည်းကောင်း၊ ဆိတ်သားတစ်ဆယ်သားကို (၂၂၀၀) ကျပ်နှုန်းဖြင့် (၁၁) ပိသာတို့ အားလည်း ကောင်း ကြက်ဥတစ်လုံးလျှင် ၁၇၀ ကျပ်ဖြင့် ကြက်ဥ (၁၀) လုံးလျင် (၁၇၀၀) ဖြင့် ကြက်ဥကဒ် (၅၀) တို့အားလာ ရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။ ယခုလိုလာရောက် ရောင်းချပေးမှုအပေါ် ရပ်ကွက်နေပြည်သူတစ်ဦးဖြစ်သူ ဒေါ်မိုးသူဇာကလည်း ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံစားသောက်ကုန် ပစ္စည်းတွေကို ယခုလိုဈေး နှုန်းသက်သာစွာဖြင့် ရောင်းချပေးတာဟာ မြို့နယ်ပြည်သူတွေအတွက်အရမ်းကို အဆင်ပြေမှုရှိပါတယ်။ ဈေးနှုန်းတွေက ချိုသာတဲ့ အပြင် ရောင်းချသော ပစ္စည်းတွေလည်း လတ်ဆတ်သန့်ရှင်းမှုရှိတယ် နောင်လည်းယခုလိုလာရောက် ရောင်းချပေးစေချင်ပါတယ်။ ယခုလိုလာရောက် ရောင်းချ ပေးရန်စီစဉ် ပေးသူများကိုလည်း ကျေးဇူးတင်ပါတယ်ဟု ပြောကြားခဲ့သည်။
ထို့သို့ရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဈေးဝယ် လာပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကော့မှူး ပြန်/ဆက်