သီပေါမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

သီပေါ မေ ၂၈

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် ကို မေလ ၂၆ ရက်နေ့မှဇွန်လ ၁ ရက်နေ့အထိသတ်မှတ်ထားရှိ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပိတောက်ဆောင်ခန်းမတွင် ယနေ့နံနက် ၈နာရီက ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့်မြိုနယ်ပညာရေးမှူး ဦးထိန်လင်းတို့က အသီးသီးအမှာစကားပြောကြားခဲ့ပြီး နိုင်ငံတော်မှအခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်နှင့် ဗလာစာအုပ်များကိုကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်ဝန်ထမ်းပေါင်းစုံသမဝါယအသင်းလီမိတက် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းခင်ညွန့်လူမှ အသင်းဝင်ပညာရေးဝန်ထမ်းသားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေးငွေကျပ်သိန်း(၇၀)ကို မြို့နယ် ပညာရေးမှူးထံသို့ပေးအပ်ခဲ့ပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေ ၂၆ ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းအပ်နှံသည့်ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှပံ့ပိုးပေးသော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံစသည်တို့ကို အခမဲ့ပေးအပ်လျက်ရှိကြောင်း၊ ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံ ပညာကျောင်းများ အားလုံးဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ သီပေါမြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း(၉) ကျောင်း၊ အထက်တန်းကျောင်းခွဲ(၃)ကျောင်း၊ အလယ်တန်းကျောင်း(၃)၊ အလယ်တန်းကျောင်းခွဲ(၁၇)ကျောင်း၊ မူလတန်းကျောင်းခွဲ(၂၂)ကျောင်း၊  မူလတန်းလွန်ကျောင်း (၃၀)နှင့် မူလတန်းကျောင်း(၁၂၈)၊ စုစုပေါင်း(၂၁၂)ကျောင်းရှိကြောင်း မြို့ နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်လေး(ပြန်/ဆက်)