မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအား ဒသမအသုတ် (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေး

မောင်တော  မေ  ၂၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ဦးတည်အုပ်စုတွင်ပါဝင်သည့်သူများအား ဒသမအသုတ်(ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းက  သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများကစာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက်ထိုးနှံသည့် ဦးတည်အုပ်စုတွင်ပါဝင်သည့်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင် ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ်၃၀ခန့်အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ဦးတည်အုပ်စုတွင်ပါဝင်သည့်သူများအား ဒသမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ယမန်နေ့နံနက်ပိုင်းက  အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၁၀၈ ဦး၊ မှီခိုသူ ၈၅ ဦး စုစုပေါင်း ၁၉၃ ဦးအား ထိုးနှံပေးခဲ့ပြီး မေ ၂၇ ရက်နေ့ထိ  ဒသမအသုတ်(ဒုတိယ)အကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၈၃၈ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်ကျော်စိန်၊ သက်လွင်စိုးခရိုင်(ပြန်/ဆက်)