ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ပိုက်ကျော် ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား မေ ၂၇

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် (အမျိုးသား) (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြစ်ကြီးနားမြို့၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားမြို့နယ်အသင်းနှင့် ပူတာအိုမြို့နယ် အသင်းတို့ အမျိုးသား (၃)ယောက်တွဲပြိုင်ပွဲ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ က တက်ရောက်အားပေးခဲ့ကြရာ  မြစ်ကြီးနားမြို့နယ်အသင်းက အနိုင်ရဗိုလ်စွဲသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဥပဒေချုပ်က ပြိုင်ပွဲဖြစ် မြောက်ရေးအတွက် ပါဝင်ကူညီကြသည့် ပြည်နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီနှင့် ဒိုင်အဖွဲ့ဝင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက နေရာ အလိုက် အကောင်းဆုံးကစားသမားများအတွက် ဂုဏ်ပြုဆုတံဆိပ်များကို လည်းကောင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ပြိုင်ပွဲအမျိုးအစားများအလိုက်  တတိယနှင့် ဒုတိယဆုရ အသင်းများအတွက် တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က (၂)ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ပထမဆုရမြစ်ကြီးနားမြို့နယ် အသင်းအတွက် တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမ ဆုရ မြစ်ကြီးနားမြို့နယ်အသင်း အားကစားသမားများအတွက် တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ တနိုင်း၊ ဝိုင်းမော်၊ ချီဖွေ၊ ဗန်းမော်၊ မိုးမောက်၊ ရွှေကူ၊ မိုးညှင်း၊ မိုးကောင်း၊ ပူတာအိုမြို့နယ်စသည့် မြို့နယ် ၁၀ မြို့နယ်မှ ပြိုင်ပွဲဝင် အသင်း ၁၀ သင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများထဲမှ တိုင်းဒေသကြီး/ ပြည်နယ် ပြိုင်ပွဲအတွက် ကစားသမားများကို ပြည်နယ်လက်ရွေးစင်အသင်းအဖြစ် ရွေးချယ်၍ စခန်းသွင်း လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

ပြည်နယ်ပြန်/ဆက်