မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံဂစ်တာတီးနည်း သင်တန်းဆင်းပွဲကျင်းပ

မန္တလေး မေ ၂၇

မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club တို့ပူးပေါင်းဖွင့်လှစ်သော အခြေခံဂစ်တာတီးနည်း သင်တန်း(အခမဲ့)ဆင်းပွဲကို ယနေ့နံနက်(၁၁)နာရီတွင် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက "လူငယ်လူရွယ်များ အနုပညာကိုချစ်မြတ်နိုးတတ်စေရန်၊ မိမိတို့အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စိတ်အပန်းဖြေနိုင်စေရန်နှင့် ဂီတအနုပညာတို့တွင် တီထွင်ဆန်းသစ်တတ်စေရန်တို့ အတွက်ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့ကြောင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဦးမြင့်မောင်မောင်က သင်တန်းသားများကိုတစ်ဦးချင်း လက်တွေ့တီးခိုင်းပြီး လိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းနည်းပြအား အမှတ်တရလက်ဆောင်နှင့် အကောင်းဆုံးတီးခတ်ပြနိုင်သည့် သင်တန်းသားများအား ဂုဏ်ပြုလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)