ရမည်းသင်း၊ စက်တင်ဘာ ၄
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူပြုနိုင်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့်ညမထွက်ရအမိန့်အား ရမည်းသင်းမြို့နယ်အတွင်းရှိ အများပြည်သူသိရှိလိုက် နာစေရန် ယနေ့နံနက်က လိုက်လံနှိုးဆော်ကြေညာလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွန်ကြားချက်များထုတ်ပြန်သည့် လူစုလူဝေးမဖြစ်ပေါ်စေရန် လူထုအပန်းဖြေနေရာများ၊ ကာရာအိုကေ/ စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲ၊ ဗီဒီယိုရုံများ၊ ရုပ်ရှင်ရုံများ၊ တရားပွဲနှင့်တရားစခန်းများ၊ ဘုရားပွဲများ၊ မင်္ဂလာဧည့်ခံပွဲ၊ ရဟန်းခံရှင်ပြုပွဲ၊ လူမှုရေးလုပ်ငန်းများ၊ ဘာသာပေါင်းစုံညီညွတ်ရေးပွဲတော်များစသည့်တို့ကို ခေတ္တယာယီပိတ်သိမ်းထားရန်နှင့် နေ့စဉ်ည ၁၂ မှ နံနက် ၄ နာရီအချိန်ထိ နေအိမ်ပြင်ပသို့ထွက်ခွာခြင်း ညမထွက်ရအမိန့်အား ပြည်သူများသိရှိလိုက်နာနိုင်စေရန် မြို့ပေါ်ရပ်ကွက်များ၌လှည့်လည်ကာ အသိပေးနှိုးဆော်လျက်ရှိပြီး ညမထွက်ရအမိန့်ဖောက်ဖျက်သူများအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၈၈)ဖြင့် အရေးယူဆောင်ရွက္မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် အဖွဲ့အစည်းများ၊ ကျန်းမာရေးကိစ္စဖြင့် ပြင်ပသို့ သွားလာခြင်းမှအပ ဤအမိန့်သည် အများပြည်သူအကျိုးအတွက် ထုတ်ပြန်ထားခြင်းဖြစ်သဖြင့် ပြည်သူများ တိကျစွာလိုက်နာဆောင်ရွက်ရေး နှိုးဆော်ရခြင်းဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံက သိရသည်။
ဇော်ဝင်းအောင် (ရမည်းသင်း)