ဒဂုံ(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်း စတင်လက်ခံ

ဒဂုံဆိပ်ကမ်း မေ ၂၆

ရန်ကုန်အ‌‌ရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

ဒဂုံ(ဆိပ်ကမ်း)မြို့နယ်တွင် အခြေခံပညာ အ.ထ.က ကျောင်း(၅) ကျောင်း၊ အ.ထ.က(ခွဲ)(၂)ကျောင်း၊ အ.လ.ကခွဲ(၃)ကျောင်း၊ မူလွန်(၆)ကျောင်း၊ မူလတန်းကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၉)ကျောင်း စုစုပေါင်း(၂၈)ကျောင်းရှိပြီး ကျောင်းအပ်နှံရာတွင်လည်း နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ပါးစပ်နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ(Face Shield)နှင့် မူလတန်းကျောင်းသားများအတွက် ကျောင်း၀တ်စုံများ အခမဲ့ထောက်ပံ့‌ပေးလျက်ရှိကြောင်း သိရသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံသည့်ရက်ကို မေလ(၂၆)ရက်နေ့မှ ဇွန်(၁)ရက်နေ့အထိ ကျောင်းအပ်နှံသည့်ရက်နေ့အဖြစ် လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။  ထိုသို့ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်း လက်ခံရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်း၊ လက်ဆေးဘေစင်များထားရှိကာ စနစ်တကျလက်ဆေးစေခြင်းဖြင့် ကျောင်းအပ် လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိမှုကို မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၀င်များမှ လာရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့