ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး(Talk Show) ကျင်းပ

ဒဂုံအရှေ့ မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ဇွန်လ  ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အအထိမ်းအမှတ် အသိပညာပေး(Talk Show)ကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး Talk Show တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းအိမွန် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ပြည်သူများ သိရှိနားလည်နိုင်စေရန်အတွက် အသိပညာပေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးလာမှုအကြောင်းအရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘာကြောင့်ဆောင်ရွက်သင့်သည် အချက်အလက်များကို ဆွေးနွေးခဲ့ပြီး‌‌ဒုတိယဦးစီးမှူး ဒေါ်အေးမဉ္ဇူက သဘာဝသယံဇာတအရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှုမရှိစေဘဲ ပစ္စုန်ပ္ပန်၊ အနာဂတ်မှာ ထုတ်ယူသုံးစွဲနိုင်မည့်နည်းလမ်းများ၊ အနာဂတ်မှာ ယိုယွင်းပျက်စီးလာစေနိုင်မည့် အခြေအနေများကို ကြိုတင်မှန်းဆပြီး ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်း၊ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်မည့် နည်းလမ်းများအကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး(Talk Show)ကို We Love East DaGon နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တို့၌ Online အစီအစဉ်ဖြင့် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိမွန် (ပြန်/ဆက်)