ကွမ်းလုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကွမ်းလုံ မေ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကွမ်းလုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းရှိ သံလွင်ဆောင်ခန်းမတွင်ကျင်းပပြုလုပ်ရာ ကွမ်းလုံအခြေချ စစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမြှင့်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် စစ်ဗျူဟာမှူး ဗိုလ်မှူကြီးမြင့်ဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးတို့က အဖွင့်အမှာစကားများပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးလှအောင်က မြို့နယ်ပညာရေးနှင့်ပတ်သက်သောကိစ္စရပ်များ၊ ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီမံဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကွမ်းလုံစစ်ဗျူဟာမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းဆရာ/ဆရာမ များကိုတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး ကျောင်းအပ်နှံမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ ၃၅၅၀ ဦးတက်ရောက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ယခင်နှစ်ထက် ကျောင်းတက်သူဦးရေများပြားမည်ဖြစ်ကြောင်း၊ သင်ထောက်ကူပစ္စည်းများအနေဖြင့် ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးဖတ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်နှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများကို ကျောင်းဝတ်စုံတစ်စုံ  အခမဲ့ထောက်ပံ့‌ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးလှအောင်ထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)