မြစ်ကြီးနား မေ ၂၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းသား/ ကျောင်းသူ များ ပညာသင်ကြားခွင့်ရရှိရေး အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၆ ရက်တွင် စတင်လက်ခံဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ကျောင်းအပ်လက်ခံ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့သို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသားမိဘများက မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်အလိုက် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်နှံခြင်း နှင့် ဆရာ/ ဆရာမများက ကျောင်းအပ်လက်ခံခြင်း၊ ပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံများ ဖြန့်ဝေပေးအပ်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် အတူ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ ကျောင်းသားကလေးငယ်များအတွက် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်ထားသည့် စနစ်သစ်ပြဋ္ဌာန်းစာအုပ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်များရှိ တက္ကသိုလ်ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ တက္ကသိုလ် ဒီဂရီ ကောလိပ်များတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲများနှင့် အတူ နိုင်ငံတော်၏ အနာဂတ်ပညာရေးကဏ္ဍ တိုးတက်စေရေး တက္ကသိုလ်၊ ကျောင်းများ ဖွင့်လှစ်သင်ကြား လျက်ရှိပါကြောင်း၊ အနာဂတ်လူငယ်များ၏ ပညာရေး၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် မိမိတို့အားလုံးတွင် တာဝန်အပြည့်အဝရှိသကဲ့သို့ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများအနေဖြင့်လည်း တိုင်းပြည်အကျိုးပြု အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံသော သားကောင်းရတနာများဖြစ်အောင် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိဖွင့်လှစ်လျက်ရှိသော တက္ကသိုလ်/ဒီဂရီ ကောလိပ်များအပြင် ထပ်မံဖွင့်လှစ် တော့မည့် အခြေခံပညာကျောင်းများ အေးချမ်းစွာဖွင့်လှစ် သင်ကြားနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ အေးချမ်းလုံခြုံစွာ သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တပ်မတော်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာ ကြသည့် ခရိုင် (၄)ခရိုင်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ် ကြီးများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ လိုအပ်ချက်များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးရန် ကိစ္စရပ်များကို တင်ပြကြရာ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဒီဂရီကောလိပ်များတွင် သင်ကြားရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ အဆောင်နေကျောင်းသား/ကျောင်းသူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး၊ အေးချမ်းလုံခြုံ ပျော်ရွှင်စွာ သင်ကြားနိုင်ရေး၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပရေးတို့အတွက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ပြည်နယ်ပြန်/ဆက်