ဖားကန့်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ဖားကန့် မေ ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဖားကန့်မြို့အထက်တန်းကျောင်း အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်မှ ကျောင်းနေအရွယ် ကလေးတိုင်းပညာသင်ကြားခွင့် ရရှိစေရန်နှင့် ကျောင်းအပ်နှံ နှုန်းမြင့်မားစေရန် ကျောင်းမဖွင့်မီ ရက်သတ္တပတ်ကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ကာ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းသို့ရောက်စေရေး လှုံ့ဆော်ဆောင်ရွက်လျက်ရှိကာ ကျောင်းအပ်နှံရေး လမ်းညွှန်ချက်များအတိုင်း ဆောက်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။ 

"ဖားကန့်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ စာသင်ကျောင်း (၁၂)ကျောင်း ဖွင့်လှစ်ရန် လျာထားသော်လည်း အမှန်တကယ်ကျောင်းဖွင့်တဲ့ အခါမှာ (၃၄)ကျောင်းဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ ဒါဟာ ကျောင်းအုပ်ကြီးများ ဆရာ/ မကြီးများရဲ့ စေတနာထက်သန်မှုနဲ့အတူ ကျောင်းသားမိဘ များရဲ့ ပညာရေး ရေစီးကြောင်းအပေါ် စီးမျောလိုက်ပါလာမှုကြောင့် ဖြစ်ပါတယ်" ဟု မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပြောကြားသည်။ 

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်းမှ ကျောင်းသား /သူများအား မှုခင်းဆိုင်ရာ အသိပညာများ ပြောကြားခဲ့ပြီးနောက် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသူ/သား များအား ပုံနှိပ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်များ၊ ခဲတံနှင့် ကျောင်းဝတ်စုံများအား ထောက်ပံ့ ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဖားကန့်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော သင်ရိုးသစ် သင်တန်းများအတွက် သင်တန်းသားလက်စွဲစာအုပ် ထုတ်ဝေရန်အတွက် အလှူငွေကျပ် (၁၀)သိန်းအား ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပညာရေးမှူးမှ လက်ခံရယူခဲ့သည်။ 

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးနွယ်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဖားကန့်မြို့နယ်တွင် စာသင်ကျောင်း (၄၆)ကျောင်း ဖွင့်လှစ်ရန်လျာထားကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ဒေသအာဏာပိုင်အဖွဲ့များ၏ ပံ့ပိုးကူညီမှုများကြောင့် ယခင်ပညာသင်နှစ်တွင်လည်း အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြောင်း ကျေးဇူးတင်စကားပြောကြားခဲ့သည်။ 

အဆိုပါ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား‌/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။  

မိုးသန္တာဦး(ပြန်/ဆက်)