မိုးညှင်း မေ ၂၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများမှ “ရှေ့သို့လှမ်းချီ မြန်မာပြည်” တေးသီချင်းဖြင့် အခမ်း အနားဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယဦးစီးမှူး ဦးခင်မောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းသန်းဆွေက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မိုးညှင်းမြို့နယ်အတွင်း ကျောင်းနေရန်အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများ အား ပုံနှိပ်နှင့် ဗလာစာအုပ်များကို အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက အသီးသီးပေးအပ်လှူဒါန်းကြပြီး ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း(၁၉)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (၈)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၂၀)ကျောင်း၊ မူလတန်း လွန်ကျောင်း (၁၉)ကျောင်း၊ မူလတန်းကျောင်း (၁၀၅)ကျောင်း၊ မူလတန်းကျောင်းခွဲ (၃)ကျောင်း၊ ဘုန်းတော်ကြီးသင်မူလတန်းကျောင်း (၂)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၇)ကျောင်း စသည့် ကျောင်းစုစုပေါင်း (၂၀၂)ကျောင်းတို့တွင် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ထိ ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ များနှင့် မိဘအုပ်ထိန်းသူများမှ စိတ်အေးချမ်းသာစွာဖြင့် ကျောင်းလာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)