တိုက်ကြီးမြို့နယ် တိုင်းဒေသကြီးအမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ အဖျောက်တိုက်နယ်ဆေးရုံဝန်း အတွင်း ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး

တိုက်ကြီး စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော် ကိုယ်စားလှယ်နှင့် အဖွဲ့တို့သည် ယမန်နေ့ နံနက်ပိုင်းအချိန်က အဖျောက်မြို့ တိုက်နယ်ဆေးရုံဝန်း အတွင်း ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အိအိခိုင်၊ မြို့မမြို့ဖ ဦးသန်းစိုးပါဝင်သောအဖွဲ့သည် အဖျောက်မြို့ တိုက်နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဆွေဇင်ဝင်းနှင့် တွေ့ဆုံကာ ဆေးရုံ၏ လိုအပ်ချက်များကို ဆွေးနွေးခဲ့ ပြီး ဆေးရုံဝန်းအတွင်း ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ ဆေးရုံဝန်း အတွင်း ရေမဝပ်စေရေးအတွက် ဆေးရုံရှေ့ ရေမြောင်းတူးဖော်ရန်နှင့် ရေထွက်ပေါက် စီစဉ်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူ များအား မှာကြားခဲ့ပြီး ဆေးရုံတွင် တက်ရောက်ကုသနေသော လူနာများအား ကျန်းမာရေးအခြေအနေများကို မေးမြန်း၍ အားပေး စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)