သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံခြင်း လုပ်ငန်းများစတင်ဆောင်ရွက်

သီပေါ မေ ၂၆

ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံခြင်းကို ယနေ့နံနက် ၉ နာရီက စတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအားနိုင်ငံတော်မှပံ့ပိုးပေးသော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံစသည်တို့ကို အခမဲ့ပေးအပ်လျက်ရှိကြောင်း၊ ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ သီပေါမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၉)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၃)ကျောင်း၊ အလယ်တန်းကျောင်း(၃)၊ အလယ်တန်းကျောင်းခွဲ(၁၇)ကျောင်း၊ မူလတန်းကျောင်းခွဲ (၂၂) ကျောင်း၊  မူလတန်းလွန်ကျောင်း (၃၀)နှင့် မူလတန်းကျောင်း(၁၂၈)၊ စုစုပေါင်း(၂၁၂)ကျောင်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)