ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ် စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေး၊  နေအိမ်ပြင်ပသို့ သွားလာရာတွင် မဖြစ်မနေ နှာခေါင်းစည်း များကို စနစ်တကျ ဝတ်ဆင်ကြ စေရေး အတွက် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီအချိန်က ဒလမြို့နယ် သင်္ဘော ဆိပ်ကမ်း၊ စည်ပင်သာယာဈေးများဖြစ်သည့် ကမာကဆစ်ဈေးနှင့် အောင်ဇေယျဈေးတို့၌ မိဘပြည်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး မြို့နယ် အဆင့်လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ဝန်ထမ်း များ၊   မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း ၍ ဒလမြို့နယ် သင်္ဘောဆိပ်ကမ်းမှတစ်ဆင့် စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ နေ့စဉ်ကူးသန်းသွားလာနေကြသော ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ အနယ်နယ်အရပ်ရပ်က ခရီးသွားမိဘပြည်သူများနှင့် စည်ပင် သာယာဈေးကြီး ၂ ဈေးတို့ တွင်  ဈေးသည်များနှင့် ဈေးဝယ်သူများအား  အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) အခု ၁၅၀၀၀ ကို ပေးဝေခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း၌ ဒလမြို့နယ်အတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေး ခြင်းများ မပြုလုပ်ရန် စက်တင်ဘာလ ၂ ရက်နေ့က စတင်ပြီး နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ထုတ်ပြန် ထားသော ဒေသန္တရ အမိန့်အား စည်းကမ်းဖောက်ဖျက်သူများကို အရေးယူဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၃ ရက် နေ့က အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦး၊  ယနေ့ညတွင် အမျိုးသား ၆ ဦး၊ စုစုပေါင်း ၁၃ ဦးတို့ကို မြို့နယ်တရားရုံးမှ အလုပ်မဲ့ထောင်ဒဏ်(၁)လစီ ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူး ဦးကျော်ဇင်ဦးထံမှ သိရ သည်။

နိုင်လင်းကျော်(ဒလ)