တပ်ကုန်း မေ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မြင့်မားစေရန် နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂နာရီခွဲက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်းက စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မြင့်မားရေးနှင့်ပတ်သတ်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်က အရေးကြီး ကုန်စည်သတ်မှတ်ရသည့်အကြောင်းအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တပ်ကုန်းမြို့နယ် ဆည်းမြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က ဆည်၊ ကန်ရေများ အသုံးချမှုနှင့်ပြုပြင်ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူရှိန်က ကံကြီးမွေးမြူရေးဇုန်၊ ရွှေမြို့မွေးမြူရေးဇုန်အတွင်း ဇုန်ခြံမြေအသုံးချမှုကို ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းညွန့်က ၂၀၂၁-၂၀၂၂ခုနှစ် စိုက်ပျိုးအောင်မြင်မှုနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် (မိုး/ဆောင်း) စိုက်ပျိုးလျာထားဧကများနှင့်စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးရေးကို ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ ကောင်းစိုးစံက ကံကြီးမွေးမြူရေးဇုန်၊ရွှေမြို့မွေးမြူရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြခြင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးက စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတင်ပြချက်အားလုံးကို နေပြည်တော်ကောင်စီ အဖွဲ့ဝင်(၂) ဦးဇေယျာလင်းက ပြန်လည်ပေါင်းစပ်ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်ရုံး)