မလှိုင် မေ ၂၅
မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)အချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့အား Monkeypox (မျောက်ကျောက်) ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဌာနဆိုင်ရာများ၊ ပြည်သူများ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုဖြင့် Stay at Home အကျုံးမဝင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အစီအစဉ်တွင်လည်း အင်တိုက်အားတိုက် ဆောင်ရွက်ပေးကြရန် အရေးကြီး ပါကြောင်း၊ ထို့အပြင် အာဖရိက၊ အမေရိကန်၊ သြစတေးလျ၊ ယူကေစတဲ့နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ (၉၂)ယောက်တွင် Monkeypox(မျောက်ကျောက်)ရောဂါ ကူးစက်ခံနေရပါကြာင်း (၂၁.၅.၂၀၂၂) ရက်နေ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ချက်အရ သိရှိရပါကြောင်း၊ မိမိတို့မြို့နယ်အနေဖြင့် လည်း ကျန်းမာရေးအသိ၊ သတိဖြင့်နေထိုင်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက Monkeypox(မျောက်ကျောက်) ရောဂါသည် Poxviridae မျိုးရိုးရှိ Orthopoxvirus genus ၏ အဖွဲ့ဝင်ဖြစ်တဲ့ မျောက်ကျောက်ဗိုင်းရပ်စ်ဖြစ်ကြောင်း၊ ၁၉၅၈ ခုနှစ်မှာ မျောက်မှာစတွေ့တဲ့အတွက် မျောက်ကျောက်ရောဂါလို့ ခေါ်တွင်ခဲ့ပြီး လူသားများတွင် ၁၉၇၀ ခုနှစ်မှာ အာဖရိကနိုင်ငံတွင် စတင် တွေ့ရှိခဲ့ကြောင်း မျောက်ကျောက်ရောဂါ သွင်ပြင်လက္ခဏာများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရောဂါကူးစက်ပုံများကို ဓါတ်ပုံမှတ်တမ်းများဖြင့် ရှင်းလင်းပြသခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဝန်ထမ်း(၃၈)ဦး ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း (၁၁၂) ဦး၊ စုစုပေါင်း( ၁၅၀ )ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)