ချမ်းအေးသာစံမြို့နယ်တွင် ရှေးဦးပြုစုနည်းအခြေခံသင်တန်းဆင်းပွဲ ကျင်းပ

ချမ်းအေးသာစံ မေ ၂၅

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူး ပေါင်း၍ ရှေးဦးပြုစုနည်း အခြေခံသင်တန်းကို ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ချမ်းအေးသာစံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသိန်းတန်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ထို့နောက် ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့်တာဝန်ရှိသူများက သင်တန်းနည်းပြ ဆရာ၊ဆရာမများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီးနောက် မြို့နယ်ဦးစီးအရာရှိက ကျေးဇူးတင်စကားပြောကြားခဲ့ သည်။

အဆိုပါ သင်တန်းကို မေ ၂၃ ရက်နေ့မှ ၂၅ရက်နေ့အထိ မနက် ၉နာရီမှ နေ့လည် ၁၂နာရီအထိ (၃)ရက်ကြာဖွင့်လှစ်ပို့ချပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးကျော်တက်လျက်ရှိကြောင်း၊ သင်တန်းတွင် ရှေးဦးပြုစုနည်း၊ အရေးပေါ်အသက်ကယ်နည်းများ၊ လက်တွေ့ပြုစုနည်းများနှင့် ဘေးအန္တရာယ်ကြုံတွေ့ရပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စာတွေ့/လက်တွေ့ သရုပ်ပြသင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်