ရပ်စောက်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ရပ်စောက် မေ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် မြို့နယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများထံသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး မြို့နယ်စာတိုက်မှဝန်ထမ်းများအား သုတ၊ ရသစာအုပ်များကို အသစ်ပြန်လည်လဲလှယ်ငှားရမ်းပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန်၊ စာပေတန်ဖိုးကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သူများအတွက် ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ နေ့ရက်အလိုက် အလှည့်ကျ သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)