မိုင်းဆတ်မြို့၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

မိုင်းဆတ် မေ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ယမန်နေ့ နံနက်ပိုင်းက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုင်းဆတ်ဘက်မှ နားယောင်းကျေးရွာဘက်သို့ မောင်းနှင်လာသော အနက်ရောင်မော်တော်ယာဉ်သည် ပါခါးကျေးရွာအနီး ကုန်းဆင်းတစ်နေရာအရောက်တွင် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသား(၄)ဦးအနက် (၃)ဦးမှာ ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်)ရရှိကာ အသက် (၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာဖြင့် ယင်းနေရာတွင်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ပေါ့ဆစွာ မောင်းနှင်သူအား မိုင်းတွမ်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)