မိုင်းဆတ် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန် ထမ်းဆောင်ရန် အထူးရဲ(၅၈)ဦးခန့်အပ်သွားမည်ဖြစ်ကြောင်းသိရသည်။
"မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)နဲ့အမှတ်(၂)တို့မှာ လျာထားမဲရုံ(၅၈)ရုံရှိပြီး မဲရုံလုံခြုံရေး အတွက် အထူး ရဲ(၅၈)ဦးကိုခန့်အပ်သွားမှာပါ။ အထူးရဲတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာကော်မရှင် ခွဲ၊ အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ပြည်သူများလုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက် သွားရမှာဖြစ်ပါတယ်"ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလှိုင်ကပြောသည်။
"ကျွန်တော်တို့ နယ်မြေခံရဲတပ်ဖွဲ့အနေနဲ့ကတော့ ရွေးကောက်ပွဲကာလမှာ မဲဆန္ဒရှင်တွေ မဲမပေးနိုင် အောင် နှောက်ယှက် ဟန့်တားမှုများ မဖြစ်ပေါ်စေရေး၊ မဲရုံပရဝုဏ်နဲ့ ကိုက်(၅၀၀)အတွင်း အသံချဲ့စက်များ ဆူညံစွာ ဖွင့်လှစ်မှု မရှိစေရေး၊ မူးယစ်သောက်စားရမ်းကားမှုများ မဖြစ်ပေါ်စေရေးအတွက် လှည့်ကင်း၊ ရပ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်" ဟု ရဲမှူးဌေးလှိုင်က ဆက်ပြောသည်။
အဆိုပါ အထူးရဲများကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှစ၍ ၂၀၂၀ပြည့်နှစ်၊ နိုင်ဝင်ဘာလ ၁၅ ရက်နေ့ အထိ ရက်ပေါင်း(၄၆)ရက် ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သန်းဇော်(မိုင်းဆတ်)