မိုးညှင်းခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

မိုးညှင်း မေ ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်း ငါးသောင်းနှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ယနေ့တွင် ထုတ်ချေးပေးလျက်ရှိသည်။

အဆိုပါ ထုတ်ချေးပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားရေးဘဝ တိုးတက်ရေးတို့ကို ရည်ရွယ်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မေလ(၁၆)ရက်နေ့မှ စတင်၍ တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် မိုးစပါးချေးငွေများ ထုတ်ချေးပေးရာ၌ လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်း ငါးသောင်းနှုန်းကို အတိုး (၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး  လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရှိသည့် တောင်သူများကိုသာ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၃)အုပ်စုမှ ကျေးရွာဘဏ်အဖွဲ့ဝင် တောင်သူ(၂၆၀၀)ဦး တို့၏ မိုးစပါးစိုက်ပျိုးမြေလယ်ဧက (၂၂၀၀၀) ဧကအတွက် ချေးငွေစုစုပေါင်း ကျပ်(၃၃၀၀၀)သိန်းအား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲ မန်နေဂျာ ဦးအောင်နိုင်ထံမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)