ညောင်ဦးမြို့နယ်တွင် မြေအောက်ရေသွင်း စိုက်ပျိုးထားသည့် သခွားခင်းများ အောင်မြင်ဖြစ်ထွန်း

ညောင်ဦး  မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ မြေအောက်ရေသွင်း စိုက်ပျိုးထားသည့် သခွားခင်းများအောင်မြင်ဖြစ်ထွန်းနေကာ အသီးပေါ်ချိန်တစ်တောင့် ၃၀၀ ကျပ်ရောင်းချနေရခြင်းကြောင့် သခွားစိုက်ပျိုးမှုများပြားလာနိုင်ကြောင်း ရွာသစ်ကုန်းကျေးရွာ တောင်သူဦးမောင်ကြီးထံကပြောကြားသည်။

ညောင်ဦးမြို့နယ်တွင် သခွားစိုက်ပျိုးခြင်းအား ဧရာဝတီမြစ်ရေကျချိန်များတွင် ကျွန်မြေပေါ်ချိန် ၌သာစိုက်ပျိုးမှုရှိခဲ့ပြီး ယာမြေများတွင် မြေအောက်ရေတူးဖော်ကြပြီး ရေသွင်းစမ်းသပ် စိုက်ပျိုးခဲ့ရာမှအောင်မြင်ဖြစ်ထွန်းခဲ့ကြောင်း၊စတင်စိုက်ပျိုးချိန်က အစေ့ထုပ်ဝယ်ယူချိန်အစေ့ ၃၀ ပါ တစ်ထုပ် (၂၀၀၀)ကျပ်ပေးဝယ်ခဲ့ရပြီး၊ ယာမြေထဲ အစေ့တိုက်ရိုက် မြှပ်စိုက်ပျိုးခဲ့ပြီး လေးငါးရက်အကြာတွင် အပင်စတင်ထွက်ရှိလာကြောင်း၊ တစ်လခန့်ရှိလျှင် အပွင့်ပွင့်အသီးသီးကြောင်း၊ ရေအလွန်ကြိုက်နှစ်သက်သည့် သခွားမျိုးဖြစ်ကာ ရေမငတ်စေရန်ဂရုပြုပေးရကြောင်း၊ အပွင့်ပွင့်နှုန်းကောင်းပြီး အသီးသီးနှုန်းကောင်းမွန်ခြင်းကြောင့် ပေါ်ဦးပေါ်ဖြားဆွတ်ခူးရောင်းချချိန် သခွားသီးတစ်တောင့် ၄၀၀ကျပ်ရောင်းချခဲ့ရပြီး၊ ယခုခါ သခွားသီးတစ်တောင့် ၃၀၀ ကျပ်ရောင်း ချနေရသေးကြောင်း တောင်သူဦးမောင်ကြီးမှရှင်းပြသည်။ သခွားပင်များ အောင်မြင်ဖြစ်ထွန်းပြီး အပွင့်ပွင့်နှုန်း၊ အသီးသီးနှုန်းကောင်းမွန်ခြင်း၊ ကုန်းမြေ၊ယာမြေများတွင် စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းခြင်းများကြောင့် နောက်ထပ်စိုက်ပျိုးမည့်တောင်သူများလည်း လာရောက်လေ့လာနေကြကြောင်း သခွားစိုက်ပျိုးရာတွင် အချိန်တိုတိုအတွင်း အဖြစ်မြန် ငွေအမြန်ပေါ်ကာ ဈေးနှုန်းပါကောင်းနေခြင်းကြောင့် စိုက်ပျိုးသင့်သည့်သီးနှံအမျိုးအစားပါဝင်ကာ မြေအောက်ရေသွင်းသခွားစိုက်ပျိုးတောင်သူများ မိသားစုဝင်ငွေတွက်ခြေကိုက်နေကြကြောင်းသိရသည်။

ကိုထိန်၊KPD