ပူတာအို မေ ၂၄
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ဒေသခံတိုင်းရင်းသူအမျိုးသမီးများ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရေးအတွက် သဘာဝဆိုးဆေးနည်းပညာသင်တန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းသို့ ရက်ကန်းလုပ်ငန်းရှင်များ၊ အထည်ဆေးဆိုးလုပ်ငန်းရှင်များ၊ ဒေသခံသင်တန်းသူများ စုစုပေါင်း (၂၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းတွင် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် သဘာဝ သစ်သီး၊ အရွက်၊ အခေါက်၊ အပွင့်တို့ကို ဗန်ဒါ၊ ကုက္ကို၊ ပိတောက်၊ ဂွေးတောက်၊ ဧကရာဇ်၊ မာလကာ၊ တရုတ်ဇီးသီး၊ နနွင်း၊ ယူကလစ်၊ ဇီးဖြူ၊ မုံသီး၊ ဂျုတ်သီး၊ ဖလန်ခေါက် စသည့် နွယ်မြက် သစ်သီးဝလံမှ ထုတ်ယူမည့်ပစ္စည်းကို အခြေခံ၍ အရောင်အသွေးမျိုးစုံ ဝယ်ယူသူအကြိုက် ဖော်စပ် ထုတ်လုပ်မှုနည်းပညာများကို မေ(၂၃)ရက်မှ (၃၀)ရက်နေ့အထိ ရက်သတ္တပတ်ကြာ စာတွေ့ လက်တွေ့ အတတ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘာဝဆိုးဆေးနည်းပညာများဖြင့် ပုဝါ၊ အင်္ကျီစ၊ ကချင်လုံချည်၊ လက်ကိုင်အိတ် အမျိုးမျိုး တို့ကို မိမိတို့ နှစ်သက်ရာ အရောင်အသွေးစုံသည့် အထည်အမျိုးမျိုးကို ထုတ်လုပ်နိုင်ရန်အတွက် သင်ကြားပေးသွားမည်ဖြစ်ပြီး ယင်းသင်တန်း ဖွင့်လှစ်ပေးခြင်းအားဖြင့် ဒေသခံတိုင်းရင်းသူ အမျိုးသမီးများ၏ အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစုအိုးမကွာ အိမ်မကွာ နေ့စဉ်ဝင်ငွေရရှိ သည့်အပြင် လက်ရှိတွင် ပြည်ပဈေးကွက်သို့ သဘာဝဆိုးဆေးထည်များ တင်ပို့ရောင်းချခြင်းဖြင့် ဈေးကောင်းရရှိလျက်ရှိကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းထံမှ သိရသည်။
ဖုန်ကန်(ပူတာအို)