မိုင်းဖြတ် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ ကျင်းပ ပြုလုပ်သည့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တည်းခိုခန်း၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ လက်ဘက်ရည်ဆိုင်ပိုင်ရှင်များနှင့် ဆွေနွေးခြင်း၊ အသိပညာပေး ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှဥက္ကဋ္ဌ ဦးသက်လွင်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို စဉ်ဆက် မပြတ် လိုက်နာဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အထူး အလေးထားနိုင်ရေး၊ အထူးသဖြင့် အစားအစာများကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မျိုးဇော်က လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ လက္ခဏာနှင့် ဖြစ်ပွားနေသည့် အခြေအနေများကို ရှင်းလင်း ပြောကြား ခဲ့သည်။
ဆက်လက်၍ ကော်မတီဝင်များဖြစ်ကြသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုး၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရာဇာဝင်းထွန်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးရှောလမွန်တို့က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အသီးသီး ရှင်းလင်းအသိပေး ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းက စာသောက်ဆိုင်များ၊ စျေးဆိုင်များက ထုတ်ပြန်ချက်နှင့် အညီ ည၈နာရီ အထိသာ ဖွင့်လှစ်နိုင်ရေး၊ ကျန်မာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်နိုင်ရေးနှင့် လိုက်နာဆောင်ရွက်မှု မရှိသူများကို အရေးယူဆောင် ရွက်ရေးတို့ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)