မြစ်ကြီးနား မေ ၂၄
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် နိုင်ရေးအတွက် ပြည်နယ်အဆင့် ပြိုင်ပွဲများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုနှစ် ပြိုင်ပွဲသည် ပြိုင်ပွဲအဆင့်နှင့် ဘာသာရပ်များအပြင် တိမ်မြှုပ်ပျောက်ကွယ်လုနီးပါးဖြစ်သော ဇာတ်တော်ကြီး ပြင်ပွဲ၊ ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲများကို ထည့်သွင်းယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် ထူးခြားသည့် ပြိုင်ပွဲ တစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် နေပြည်တော် သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေး၊ ပြည်နယ်အဆင့်ပြိုင်ပွဲကို မြန်မာ့ရိုးရာယဉ်ကျေးမှု အဆင့်အတန်း ကောင်းများကို ပုံဖော်ထုဆစ်ရသည့်၊ ခက်ခဲ၊ သိမ်မွေ့သည့် ပြိုင်ပွဲဖြစ်သည့်အတွက် အဆင့်တန်းရှိရှိ၊ ဂုဏ်သိက္ခာ မြင့်မားစွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးသွားရန်လိုကြောင်း တိုက်တွန်းမှာကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး လက်ရွေးစင်အကအဖွဲ့များ ရွေးချယ်၍ နေပြည်တော်တွင် သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့များ ဖွဲ့စည်းနိုင်ရေး၊ လုပ်ငန်းတာဝန်များ စနစ်တကျသတ်မှတ်တာဝန်ပေးနိုင်ရေး၊ ပြိုင်ပွဲအမျိုးအစားအလိုက် ဝင်ရောက် ယှဉ်ပြိုင်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ နံနက် ၉ နာရီတွင် ပြည်နယ် ရန်ပုံငွေဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့အတွက် ထပ်မံဝယ်ယူ ဖြည့်တင်းပေးခဲ့သော ငွေကျပ် ၂၁၁ သိန်းကျော် တန်ဖိုးရှိ အိန္ဒိယနိုင်ငံထုတ် YAMAHA FZ 150 (V-3)အမျိုးအစား ဆိုင်ကယ် (၅)စီးကို အမှတ်(၁၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး၊ ပြည်နယ်ယာဉ်ထိန်းရဲတာဝန်ခံ ရဲမှူးစောဟန်သက်မောင်နှင့် တပ်ဖွဲ့ဝင် များ၏ ရှေ့ပြေးမီးတန်းယာဉ်အဖြစ် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ စမ်းသပ်မောင်းနှင်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကာ လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ ကိရိယာများ ဖြည့်သွင်းတပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ပြုလုပ်သည့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပြည်နယ်အတွင်းရှိ နိုင်ငံခြားသားများနှင့် မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို ကွင်းဆင်းစစ်ဆေးနိုင်ခြင်းအားဖြင့် ပိုမိုထိရောက် အောင်မြင်သော လုပ်ငန်းများဖြစ်လာစေရေး၊ ကုမ္ပဏီများ၏ အခက်အခဲ၊ လိုအပ်သည့် အကူအညီများကို ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြား သည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးနှင့် ကော်မတီအဖွဲ့ဝင်များက (၂/၂၀၂၂) ကြိမ်မြောက် အစည်း အဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ၏ ကွင်းဆင်းစစ်ဆေးခဲ့သည့် သီးနှံလက်ကားအရောင်းကွင်း တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းအပေါ် ကွင်းဆင်းတွေ့ရှိချက် အစီရင်ခံစာပါအချက်များ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကွင်းဆင်းစစ်ဆေးမည့် အစီအစဉ်များနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ထုတ်ပေးထားသည့် ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ စာရင်းများကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ် အတွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရေးအတွက် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော စစ်ဆေးရေးအဖွဲ့(၂)မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံပြီး ပြည်နယ်အတွင်းရှိ နယ်စပ်ကုန်စည်စီးဆင်းမှုများ စနစ်ကျပြီး တရားမဝင် ကုန်စည်စီးဆင်းမှုများ ပပျောက်စေရေးနှင့် ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး၊ ပြည်ပပို့ကုန်/ သွင်းကုန် ဝင်ပေါက်/ ထွက်ပေါက်များတွင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ညီညွတ်မှန်ကန်ရေး၊ လွယ်ကူချောမွေ့လျင် မြန်စေရေး တရားမဝင်ကုန်သွယ်မှုဦးဆောင်ကော်မတီ၏ SOP နှင့်အညီ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးဆောင်ရွက်သွား မည့် လုပ်ငန်းစဉ်များအပေါ် ဆက်စပ်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်(ရှမ်းရွာ)ရှိ တိုင်းလုံရှမ်းစာပေယဉ်ကျေးမှု ဓမ္မာရုံ၌ တိုင်းလုံရှမ်းတိုင်းရင်းသားမျိုးနွယ်စုကလေးငယ်များအတွက် (၁၃)ကြိမ်မြောက် နွေရာသီ ရှမ်းစာပေနှင့် Computer သင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ၊ တာဝန်ရှိသူများ၊ သင်တန်းဆင်း ကလေးငယ်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ တိုင်းလုံရှမ်း စာပေယဉ်ကျေးမှုအဖွဲ့အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်