ပျော်ဘွယ် မေ ၂၃
ပျော်ဘွယ်မြို့နယ်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုလားသည့် ပြည်သူများစုပေါင်း၍ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုကို ထောက်ခံကြိုဆိုခြင်း အထိမ်းအမှတ်အဖြစ် ယနေ့နံနက်(၈) နာရီခွဲအချိန်က မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် ဆိုင်းဘုတ် ဖွင့်လှစ်ခြင်းကိုလည်းကောင်း၊ ရှမ်းပွဲရပ်ကွက်၊ ရွှေပြည်သာဘုရားကွင်းတွင် ဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်္ဂလာအချိန်တွင် “ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုကို ထောက်ခံကြိုဆိုပါသည်” ဆိုင်းဘုတ်အား ကောင်းမြတ်ကုမ္ပဏီဥက္ကဋ္ဌ ဦးမောင်မောင်မြင့်နှင့် မြတ်မွန်စိုးကုမ္ပဏီဥက္ကဋ္ဌ ဦးတင်စိုး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ငြိမ်းချမ်းရေးအထိမ်းအမှတ်ဖြစ်သည့် ဂျိုးဖြူငှက် (သံလွင်ခက်ကိုကိုက်ချီ) တို့ကို လွှတ်တင်ပေးကြသည်။
ထို့နောက် ရှမ်းပွဲရပ်ကွက်ရှိ ရွှေပြည်သာဘုရားကွင်းတွင် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောက်ယှက်မှုများအားရှုံ့ချပွဲကို ကျင်းပပြုလုပ်ရာ ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူ (၁၇၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲတွင် ငြိမ်းချမ်းရေးကိုလိုလားသည့် သံဃာတော်(၁)ပါးနှင့် လူပုဂ္ဂိုလ်(၂)ဦးတို့က တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေ များကို ဆွေးနွေးဟောပြောပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများက ငြိမ်းချမ်းရေး ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)