ဒဂုံအရှေ့ မေ ၂၃
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အရှေပိုင်းခရိုင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပညာရေးမှူးရုံးက ကြီးမှူးကျင်းပသည့် အခြေခံပညာအထက်တန်းအဆင့် (Grade-11) သင်ရိုးသစ်မြို့နယ်အဆင့် နည်းပြသင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
“၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ နိုင်ငံတော်က သင်ရိုးသစ်အနေနဲ့ (Grade-5)၊ (Grade-8)နဲ့ (Grade-11) အတန်းတွေအထိ သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချခဲ့ရာ (Grade-11) သင်ရိုးသစ် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ ဘောဂ၊ ပထဝီ၊ သမိုင်း၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ကာယပညာဘာသာရပ်များကို ဆရာ၊ ဆရာမတွေ ပြန်ပြီးပိုချပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူတွေကို လိမ္မာယဉ်ကျေးပြီး အသိပညာဗဟုသုတ၊ လိုက်နာရမယ့် ဆောင်ရန်၊ ရှောင်ရန်တွေကို သိရှိသွားမယ်။ စိတ်နေစိတ်ထား ယဉ်ကျေးသိမ်မွေ့အောင် ပျိုးထောင်ပေးသွားရမှာဖြစ်ပါတယ်။ တစ်ဖက်ကလည်း ကာယပညာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်ဖိုအတွက် ပံ့ပိုးပေးသွားခြင်းအားဖြင့် ဘက်စုံဖွံဖြိုးတိုးတက်တဲ့ ကလေးတွေကို နိုင်ငံတော်အတွက် မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟုမြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်က သင်ရိုးသစ် Grade-11 သင်ကြားပို့ချမှုနှင့် စပ်လျဉ်း၍ သင်တန်းဆင်း အမှာစကား၌ ထည့်သွင်းပြောကြားခဲ့သည်။
သင်တန်းဆင်းပွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပညာရေးမှူးက သင်တန်းဆင်း လက်မှတ်များကို သင်တန်းတက်ရောက်သူ ဆရာ၊ ဆရာမများထံ ပေးအပ်ခဲ့ပြီးနောက် အထက်တန်းအဆင့် Grade(11) သင်ရိုးသစ်ကိုဘာသာရပ် (၁၀) မျိုးဖြင့် သင်တန်းနည်းပြ (၁၀) ဦးတို့မှ အခြေခံပညာ အထက်တန်းကျောင်း (၅၈) ဦး၊ ကိုယ်ပိုင်ကျောင်းများမှ (၂၀) ဦး စုစုပေါင်း (၇၈) ဦးတို့ကို မေလ ၂၁ ရက်နေ့ မှ ၂၃ ရက်အထိ သင်ကြားပို့ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာဦးစီးဌာနအောက်ရှိ ထက် / လယ် / မူ ကျောင်းများမှ တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၂ ခုနစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ် ထားသည်။
ဝင်းအိမွန်(ပြန်/ဆက်)