မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့်‌ အများပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ရောင်းချပေး

ကျောက်တံတား မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏ စီစဉ်မှုဖြင့် အများပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့ နံနက် (၈) နာရီအချိန်မှစတင်၍ အမှတ် (၆) ရပ်ကွက်၊ (၃၈) လမ်း နှင့် အနော်ရထာလမ်းထိပ်၌ ဆန်၊ ဆီ၊ ကြက်ဥများကို သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက် ရှိရာ ဆန် (၅) ပြည်တစ်အိတ်လျှင် ၅၀၀၀ ကျပ်၊ ပေါ်ဆန်းဆန် (၅) ပြည်တစ်အိတ်လျှင် ၈၅၀၀ ကျပ်၊ ဆီ (၅၀) သားလျှင် ၂၈၀၀ ကျပ်နှင့် ကြက်ဥ (၁၀) လုံးတစ်ကဒ်လျှင် ၁၈၀၀ ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန် ခေါင်းဆောင်၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများမှ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ရွှေဇင်ခိုင် (ပြန်/ဆက်)