လှိုင်မြို့နယ် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်လှစ်

လှိုင် မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက် ၉ နာရီတွင် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းကို ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်နှင်းက အဖွင့်အမှာစကားပြောကြားရာတွင် မောင်တို့မယ်တို့ ယခုသင်တန်းကို တက်ရောက်သင်ကြားသောကြောင့် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလိုဒီသင်တန်းကို တက်ရောက်ခြင်းအားဖြင့် မိသားစုနှင့်ပတ်ဝန်းကျင်တွင် အရေးပေါ်လူနာများကို အချိန်မီရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုနိုင်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်နည်းဖြင့် ပြုစုနိုင်ပါကြောင်း၊ မျိုးဆက်သစ်ကြက်ခြေနီများ ပေါ်ထွက်လာရန်အတွက် ယခုလိုသင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လှိုင်မြို့နယ်ဦးစီးမှူးက ယခုလိုသင်တန်း ဖွင့်လှစ်သင်ကြားပေးသော မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် နည်းပြဆရာ/ ဆရာမများကို ဦးစွာပထမ ကျေးဇူးတင်ရှိပါကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို သင်တန်းကာလ မေလ (၂၃) ရက်နေ့မှ (၂၇) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်ရဲအောင် (ပြန်/ဆက်)