ဇေယျာသီရိ၌ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ‌ရေရှည်တည်တံ့စွာလည်ပတ်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ဇေယျာသီရိ မေ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရေရှည်တည်တံ့စွာလည်ပတ်နိုင်ရေးအတွက် ကွင်းဆင်း၍ စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်များ ကွင်းဆင်းစစ်ဆေးရာတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးနှင့် ဇေယျာသီရိမြို့နယ် ရုံးမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်တို့က ဇေယျာသီရိမြို့နယ် မအူတောကျေးရွာအုပ်စု၊ မအူတောကျေးရွာရှိ မြတ်ရတနာစာကြည့်တိုက်သို့သွားရောက်၍ စာကြည့်တိုက်ကော်မတီဝင် များနှင့်တွေ့ဆုံကာ ကော်မတီဝင်များအား ကျေးရွာစာကြည့်တိုက်များရေရှည်တည်တံ့စေရန်အတွက် စာကြည့်တိုက်ရှိစာအုပ်များ၊ စာအုပ်စင်များပျက်စီးပျောက်ဆုံးမှုမရှိစေရေးနှင့် စာကြည့်တိုက်သို့ ကျေးရွာနေပြည်သူများ စိတ်ဝင်စားမှုရှိပြီး စာဖတ်သူဦးရေတိုးပွားစေရေး လှုံ့ဆော်စည်းရုံးရန် တိုက်တွန်းပြောကြားခဲ့ပြီး ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူး၏ တင်ပြဆွေးနွေးချက်ကို ပြန်လည်ဖြေကြားပေးခဲ့သည့်။ ထို့နောက် ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သုတ၊ ရသ စာအုပ် ပေါင်း ၁၀၀ အုပ်ကို စာကြည့်တိုက်ကော်မတီဝင် ဦးဇော်မင်းထိုက်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)