မိုင်းပန်မြို့နယ်၌ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်သင်ကြား

မိုင်းပန် မေ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် (၉) နာရီခွဲအချိန်က အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

“ယနေ့လူငယ် နောင်ဝယ်လူကြီး” ဖြစ်လာမည့် အနာဂတ်သားကောင်းရတနာများအနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်ရည်ရွယ်၍ အဆိုပါသင်တန်းအား မေလ ၂၃ ရက်နေ့မှ မေလ ၂၅ ရက်နေ့အထိ (၃) ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ မိုင်းပန်မြို့နယ်အတွင်းရှိ ကျောင်းသူကျောင်းသား စုစုပေါင်း (၂၃) ဦးတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။ သင်တန်းတွင် မြို့နယ်ဆရာဝန် ဒေါက်တာနိုင်လင်းထွန်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကောင်းမြတ်ဇော်၊ နည်းပြ ဒေါ်ယမင်း အိပိုင်နှင့် နည်းပြ ဒေါ်နန်းငင်းလိန်ဦးတို့မှ အချိန်အလိုက် သင်ကြားပေးလျက်ရှိကြောင်းနှင့် သင်ခန်းစာများအနေဖြင့် ရှေးဦးပြုစုခြင်း၊ သွေးလှည့်ပတ်သွားလာခြင်း၊ သွေးယိုထွက်ခြင်း/ သွေးလန့်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် ပြုစုခြင်း၊ ဆို့နစ်ခြင်း၊ သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း/ မြွေကိုက်ခြင်း၊ ကြွက်သား အဆစ်ထိခိုက်ခြင်း/အပူလောင်ခြင်း၊ သတ္တဝါများကိုက်ခြင်း/တုပ်ခြင်း၊ ပတ်စီးစည်းနည်း၊ လူနာသယ်ဆောင်နည်း၊ အထွေထွေအရေးပေါ်ပြုစုနည်း  စသည်တို့အား စာတွေ့လက်တွေ့ သင်ကြားပေးနေလျက်ရှိကြောင်း သတင်းရရှိသည်။

မိုင်းပန် (ပြန်/ဆက်)