ပုဇွန်တောင် မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ဈေးများတွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်နေမိဘပြည်သူများ၊ စျေးသည်များနှင့် စျေးဝယ်များအား ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးစေရန် ရည်ရွယ်၍ ယနေ့နံနက်(၇)နာရီမှစတင်၍ လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၏ လမ်းညွှန်မှုဖြင့် ဈေးတာဝန်ခံနှင့်ဝန်ထမ်းများမှ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပုဇွန်တောင်ဈေး၊ ကွက်သစ်လမ်းဈေးနှင့် အိမ်ကြီးလမ်းအတွင်းရှိ ဈေးဆိုင်ခန်းရောင်းချနေသူများ၊ လမ်းဘေးဈေးသည်များနှင့် စျေးဝယ်သူမိဘပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးတို့ကို လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်