မော်လမြိုင် မေ၂၃
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၄)ဖွင့်ပွဲ အခမ်းအနားကို မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်သယံဇာတရေးရာ၀န်ကြီး တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ၀န်ထမ်းများအနေဖြင့် ပတ်၀န်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို ကောင်းမွန်စွာ သိရှိနားလည်ခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်၊ လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရန်၊ ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု၊ ၀န်ထမ်းရေးရာကိစ္စရပ်များနှင့် ဘဏ္ဌာရေး စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်စေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး အဂတိတရားကင်းရှင်းသည့် ပြည်သူ့၀န်ထမ်းများဖြစ်လာစေဖို့ ရည်ရွယ်ပါကြောင်း၊ ပတ်၀န်းကျင်ထိန်းသိမ်းရေး ဥပဒေ၏ ရည်ရွယ်ချက်များဖြစ်တဲ့ မြန်မာနိုင်ငံအမျိုးသား ပတ်၀န်းကျင်ရေးရာ မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်၀န်းကျင်ဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျပေါင်းစပ်ပါ၀င်ရန်၊ ပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက်များ၏ အကျိုးအတွက် ကောင်းမွန်ပြီး သန့်ရှင်းသည့်ပတ်၀န်းကျင်သဘာ၀နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ ဆုတ်ယုတ်ပျောက်ကွယ်စပြုနေသော ဂေဟစနစ်များကို ဖြစ်နိုင်သမျှ ပြန်လည်ဖော်ထုတ်ရေး၊ စသည့် ရည်ရွယ်ချက် ၈ ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက် ဆက်သွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဌာနရဲ့ ရေရှည် ရည်မှန်းချက်ဖြစ်တဲ့ “မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ အားလုံး၏ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသောပတ်၀န်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်”ဆိုတဲ့ မျှော်မှန်းချက်ကို ရောက်ရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဌာနှစ်အလိုက် မြေနေရာချထားပေးခြင်း၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးရုံး/အိမ်ရာများ၊ ပတ်၀န်းကျင်အရည်အသွေး တိုင်းတာရေး စက်ကိရိယာများ ၀ယ်ယူပေးခြင်း၊ ရုံးသုံးစက်ကိရိယာများ ပံ့ပိုးပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ပြည်နယ် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပြင်ပ၀င်ပေါက်မှ အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုအောင်မြင်တဲ့ ဒုတိယဦးစီးမှူး ၁၀ ဦး ၊ဒုတိယ လက်ထောက်ဦးစီးမှူး ၂၀ ဦး၊ စုစုပေါင်း အမှုထမ်း ၃၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်