ချမ်းအေးသာစံ မေ ၂၃
မန္တလေး၊ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးပြုစုနည်း အခြေခံသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းတွင် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဦးထွန်းထွန်းနိုင်က လူငယ်များ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်းအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ကာယဉာဏစွမ်းရည်ဖွံ့ဖြိုး တိုးတတ်စေရန်အတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ခွဲမှူး ဦးနန္ဒက ကြက်ခြေနီ တပ်ဖွဲ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကြက်ခြေနီ အသင်း စတင်ပေါ် ပေါက်လာပုံ အဆင့်ဆင့်တို့ကို ရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းကို မေလ၂၃ ရက်နေ့မှ ၂၅ရက်နေ့အထိ (၃)ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးကျော် တက်လျှက်ရှိကြောင်း၊ သင်တန်းတွင် ရှေးဦး ပြုစုနည်း၊ အရေးပေါ် အသက်ကယ်နည်းများ၊ လက်တွေ့ပြုစုနည်းများနှင့် ဘေး အန္တရာယ် ကြုံတွေ့ရပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စာတွေ့/လက်တွေ့ သရုပ်ပြ သင်ကြားပြသပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ထိပ်ထားနိုင်