ကျိုင်းတုံမြို့နယ်၌ ရှင်အပါး ၁၅၀ ရှင်ပြုအလှူမင်္ဂလာပွဲကျင်းပ

ကျိုင်းတုံ မေ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နားပေါ်အုပ်စု၊ ဝမ်ကောင်းကျေးရွာ၊ နားပေါ် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တကေသဝ(သဒ္ဓမ္မဇောတိကဓဇ)  ဦးဆောင်၍ အလှူရှင်များမှ လှူဒါန်းမှုပြုသော ဗုဒ္ဓဘာသာ အဆုံးအမခံယူပွဲနှင့် ရှင်အပါး ၁၅၀ ရှင်ပြု အလှူမင်္ဂလာပွဲ အခမ်းအနားကို ယမန်နေ့က ဝမ်ကောင်းကျေးရွာ၊ နားပေါ်ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်း၌ ကျင်းပသည်။

အဆိုပါပွဲတွင် ကျိုင်းတုံမြို့နယ်၊ နောင်တောင်းကျေးရွာအုပ်စု၊ မိုင်းပတ်အထက်အုပ်စု၊ ပန်ကြူကျေးရွာအုပ်စု၊ မိုင်းဇင်းကျေးရွာအုပ်စုနှင့် နားပေါ်ကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု ၅၄ စု၊ လူဦးရေ ၃၁၀ ဦးတို့သည် မိမိတို့၏ဆန္ဒအလျောက် နတ်ကိုးကွယ်မှုမှ မြတ်ဗုဒ္ဓ၏ အဆုံးအမကိုခံယူကာ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကြပြီး ၎င်းတို့၏ ရင်သွေးငယ် ကလေး ၁၅၀ ဦးတို့အား ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ပြီး သံဃာတော်အရှင်သူမြတ်များထံမှ  တရားတော်များ နာယူကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)