ပျဉ်းမနား မေ ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်အောက်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၏ စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်ရာတွင် သမားရိုးကျစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော စာအုပ်စာစောင်များမှတ်ပုံတင်ခြင်း၊ ကတ်တလောက်ရေးဆွဲခြင်း၊ စာအုပ်၊ ငှားရမ်းခြင်းလုပ်ငန်းများကို ပြောင်းလဲတိုးတက်လာသည့် နည်းပညာရပ်များနှင့်အညီ Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် e-Library Management System Software အသုံးပြုနည်းသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ပျဉ်းမနားမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုးက “ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်ကြီး သုံးရပ်ဖြစ်သည့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးခြင်းနှင့် ဖျော်ဖြေပေးခြင်း လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည့်အပြင် ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးများမှာရှိတဲ့ ပြည်သူ့စာကြည့်တိုက်များတွေမှာ သမားရိုးကျစနစ်ဖြင့် ဆောင်ရွက်လျက်ရှိတဲ့ စာအုပ်စာစောင်များမှတ်ပုံတင်ခြင်း၊ ကတ်တလောက်ရေးသွင်းခြင်း၊ စာအုပ်၊ စာစောင် ငှားရမ်းခြင်းလုပ်ငန်းများကိုလည်း ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာများနှင့်အညီ Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် e-Library Management System Software ကို ရေးဆွဲဆောင်ရွက်ပြီး ပြည်သူ့စာကြည့်တိုက်များမှာ Digital Library စနစ်ဖြင့် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် e-Library Management System Software အသုံးပြုနည်းသင်တန်းများကို စီစဉ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ e-Library Management System Software ကို အသုံးပြုခြင်းအားဖြင့် သက်ဆိုင်ရာရုံးများအလိုက် စာအုပ်စာရင်းများရေးသွင်းခြင်း၊ ရက်လွန်စာအုပ်များအခြေအနေနှင့် စာဖတ်ပရိသတ်ဦးရေနှင့် အကြံပြုချက်များကို ဦးစီးဌာန(ရုံးချုပ်)အနေဖြင့်လည်း တစ်နိုင်ငံလုံးရှိ ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးအားလုံးကို စောင့်ကြည့်ကြီးကြပ်နိုင်ပြီး တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များအနေဖြင့်လည်း သက်ဆိုင်ရာရုံးများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြီးကြပ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ e-Library Management System Software အသုံးပြုနည်း သင်တန်း(၁/၂၀၂၂)မှာ စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လက်တွေ့အသုံးပြုရမည့် ဘာသာရပ်များကို ထည့်သွင်းရေးဆွဲပို့ချပေးခြင်းဖြစ်ပြီး သင်တန်းသားများအနေဖြင့် ပို့ချပေးသည့်ဘာသာရပ်များနှင့် စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာနည်းပြများကို ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးမှုများဆောင်ရွက်ကာ သင်ကြားခဲ့ရသည့် ပညာရပ်များကို လက်တွေ့လုပ်ငန်းတွင် အသုံးချနိုင်သည်အထိ လေ့လာသင်ယူပြီး မိမိရုံးရှိ အခြားဝန်ထမ်းများကိုလည်း ပြန်လည်မျှဝေဆောင်ရွက်ပေးနိုင်သည်အထိ ကြိုးစားသင်ယူကြဖို့လိုကြောင်း’’ အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စာကြည့်တိုက်လုပ်ငန်း လုပ်ဆောင်နေကြသည့် ဝန်ထမ်း(၂၈)ဦးတို့ တက်ရောက်လျက်ရှိပြီး မေလ(၂၃)ရက်နေ့မှ (၂၇)ရက်နေ့အထိ စာကြည့်တိုက်ပညာရပ်ဆိုင်ရာများနှင့် e-Library Management System Software အသုံးပြုနည်း ပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)