ဖားကန့်မြို့နယ် ဥရုချောင်းနှင့် ချောင်းလက်တက်များ ရေစီးရေလာကောင်းမွန်စေရေး ချောင်းရှင်း လင်းရေးလုပ်ငန်းများဆောင်ရွက်

ဖားကန့် မေ ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်ရတနာမြေအတွင်းရှိ ဥရုချောင်းနှင့် ချောင်းလက်တက်များ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး အတွက် မတ်လ(၉)‌ရက်နေ့မှ စတင်၍ ချောင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။ 

ထိုသို့ ချောင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပထမဦးစားပေး (၅)နေရာနှင့် ဒုတိယ ဦးစားပေး (၂) နေရာတို့ကို သက်ဆိုင်ရာ ကုမ္ပဏီ၊ သမအသင်းများ၏ စက်ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိပြီး ချောင်းရှင်းလင်းရေးလုပ်ငန်းအား အနီးကပ်စောင့်ကြည့် စစ်ဆေးရေး လုပ်ငန်းအဖွဲ့များဖြင့် အနီးကပ်ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ချောင်းရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော နေရာများမှာ ရှရော်ခချောင်းနှင့် ဥရု ချောင်းဆုံနေရာ၊ ဝှေခါချောင်းနှင့် ဥရုချောင်းဆုံနေရာ၊ စပေါ့ကူးတို့တံတားမှ နမ့်မှော်ပေါက်ဝအထိ နေရာနမားယန်ချောင်း လက်တက်နေရာ၊ နမ့်မှော်ချောင်းလက်တက်နေရာ၊ ဖားကန့်ကြီးကွေ့ မြောက်ဖြူ‌ချောင်းဆုံနေရာနှင့် ဖားကန့်ချောင်းလက်တက် ဖားကန့်အများသုံးရေကန်မှ ရှရော်ခ ကျေးရွာ ဘုန်းကြီးကျောင်းအထိ နေရာများတွင် မတ်လ ၉ ရက်နေ့မှ စတင်ကာ ချောင်းရှင်း လင်းရေးများ ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်ထိ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီး‌နေပြီဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

မိုးသန္တာဦး(ပြန်/ဆက်)