မြို့ပြဖွံ့ဖြိုးရေး အငှားအိမ်ရာစီမံကိန်း ပထမအဆင့်ကို ကနဦး ၇၅ ဘီလီယံသုံးစွဲရန် လျားထား

မန္တလေး၊ စက်တင်ဘာ ၄

မြို့ပြဖွံ့ဖြိုးရေး အငှားအိမ်ရာစီမံကိန်း ပထမအဆင့်ကို ကနဦး ၇၅ ဘီလီယံသုံးစွဲရန်လျားထားကြောင်း မန္တလေး တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာနမှ သိရသည်။

"အခုအိမ်ရာရဲ့ အဆောက်အဦးတွေကို ဖေဖော်ဝါရီ ၂၈ မှာ အပြီးဆောက်ဖို့အတွက် ရည်မှန်းချက်ထားပြီး ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ မြေယာဧရိယာကတော့ ပထမအဆင့် လိုအပ်ချက်ကတော့ ၁၁၂ ဧက လိုအပ်ပါတယ်။ ဒါလေးတွေက ရှင်တော်ကုန်းကျေးရွာမှာ လျာထားပါတယ်။ ဘတ်ဂျက်အနည်းဆုံး ကနဦးပထမဆုံး လျာထား ချက်ကတော့ ၇၅ ဘီလီယံလောက် သုံးစွဲဖို့လျာထားပါတယ်။ ကုမ္ပဏီများကတော့ ကနဦးငွေကြေးရင်းနှီးမှု စိုက်ထုတ်ရပါ့မယ်။ စိုက်ထုတ်ပြီးတော့မှ နိုင်ငံတော်က နှစ်စဉ်ပိုလျှံလာသော ရန်ပုံငွေထဲကနေ ထုတ်ပေးသွားမယ့်စနစ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု မန္တလေးတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။

အဆိုပါ အငှားအိမ်ရာသည် ၄ ခန်းတွဲ ၅ ထပ်အဆောက်အဦးပြီး အခန်းတစ်ခန်းလျှင် ၆၅၀ စတုရန်းပေ ကျယ် ဝန်းကာ အခန်းတိုင်းတွင် အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်း ၁ ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာများဖြင့် စနစ်တကျ ဖွဲ့စည်းထားသောအခန်းဖြစ်ကြောင်း၊ ယင်းအဆောက်အဦသည် ၄ ခန်းတွဲ ၅ ထပ်ဖြစ်သော်လည်း ၄ ထပ်ကိုသာ လူနေခန်းသတ်မှတ်ပြီး အောက်ဆုံးထပ်ကို အများသုံးနိုင်သည့် Community ဧရိယာအဖြစ်သတ်မှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

"မန္တလေးတိုင်းမှာ တစ်နှစ်လူဦးရေတိုးပွားနှုန်းက ၂ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒီလို အငှားအိမ်ရာကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြင့် အိမ်ရာယူနစ်သုံးထောင်ဆောက်မှာ ဖြစ်တဲ့အတွက် မိသားစုသုံးထောင်နေရေးအခက်ခဲ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။

ယခုအချိန်ကဆိုရင် ကိုဗစ် − ၁၉ ရောဂါက မြန်မာနိုင်ငံမှာလည်း အထိုက်အလျောက် ဖြစ်ပွားကူးစက်မှုခံနေရတဲ့အတွက်မို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ထိန်းထိန်းသိမ်းသိမ်းသွားလာမှုကို ဆောင်ရွက်နေရတဲ့အနေအထားမျိုးမှာ ကာလကြာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာတယ်။ ဒီလိုအခြေနေမျိုးကို ကုစားနိုင်ဖို့အတွက် အမြန်ဆုံးပြန်ပြီးဆောင်ရွက်နိုင်ဖို့အတွက် စဉ်းစားတဲ့အခါမှာ ဆောက်လုပ်ရေးကဏ္ဍကဆိုရင် ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်နိုင်တဲ့ အနေအထားတွေတွေ့ရတဲ့အတွက် ဆောက်လုပ်ရေးကဏ္ဍကို ပြန်လည်လျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့အတွက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ " ဟု ၎င်းက ဆက်ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း ၄ ဦးလျှင် တစ်ဦးနှုန်း အိမ်ခန်းများစီစဉ်ပေးနိုင်ခဲ့ပြီး ဝန်ထမ်းမဟုတ်သော ပြည်သူများအတွက် ၂၀၁၇ ခုနှစ်တွင် မြရိပ်နန္ဒာအရောင်းအိမ်ရာကို အိမ်ခန်း ၁၂၃၂ ခန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်